စလင်းမြို့ပေါ်ရှိ မြို့တွင်းလမ်းများရှိ လျှပ်စစ်မီးတိုင်များအား စည်ပင်သာယာရေးအဖွဲ့မှ လျှပ်စစ်မီးသီးများ တပ်ဆင်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများမှ လိုက်ပါကြည့်ရှုဆောင်ရွက်

စလင်း စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြို့တွင်းလမ်းများ လျှပ်စစ်မီးသီးများ အသစ်လဲလှယ်အစားထိုးတပ်ဆင် ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများဖြင့် ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့တွင်းလမ်းများ ညအခါအလင်းရောင်းရရှိစေရန်နှင့် မြို့တွင်းသာယာလှပစေရန် လျှပ်စစ်မီးသီးများ အစားထိုးတပ်ဆင်ခြင်းများကို ပူးပေါင်း၍ တပ်ဆင်ဆောင်ရွက်ကြကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ စလင်းမြို့ပေါ် (၈) ရပ်ကွက်ရှိ မြို့တွင်းလမ်းများအား ညအခါအလင်းရောင်ကောင်းမွန်စွာရရှိပြီး ယာဉ်တိုက်မှုအန္တရာယ်များဖြစ်ပေါ်၍ ပြည်သူတို့၏ အသက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရန်နှင့် မြို့နယ်အတွင်းမြို့အင်္ဂါရပ်နှင့်အညီ ညအခါ လျှပ်စစ်မီးရောင်များဖြင့် လှပစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ စည်ပင်သာယာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ခံအင်ဂျင်နီယာ လျှပ်စစ်ဝန်ထမ်းများမှ လျှပ်စစ်မီးတိုင်များမှ ကောင်းမွန်ခြင်းမရှိသည့် လျှပ်စစ်မီးသီးများအစား အသစ်လဲလှယ်တပ်ဆင်ခဲ့ကြသည်။

ထိုသို့ မြို့တွင်းလျှပ်စစ်မီးအလင်းရောင်များဖြင့် သာယာလှပ၍ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ လျှပ်စစ်မီးသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း