တောင်တွင်းကြီးမြို့နယ် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဥပဒေရေးရာအသိပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောခြင်း စသည့်  လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးပြည့်ဖြိုးမောင်မှ ဥပဒေပုဒ်မများအကြောင်းနှင့် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ တောင်တွင်းကြီးမြို မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးထုတ်လုပ်သည့် ဘိန်းပင်နှင့် အခြားအပင်များ၊ မူးယစ်ဆေးအဖြစ် သတ်မှတ်ထားသည့် ဆေးဝါးများနှင့် မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးတွင် ပါဝင်သည့် အရာများကိုလည်းကောင်း၊ လူငယ်များနှင့် မူးယစ်ဆေးဝါး စတင်အသုံးပြုသူတို့၏ အကြောင်းရင်းများ၊ ပြသာနာများ၊ အသိပညာအားနည်းမှုများကိုလည်းကောင်း၊ တိုက်ဖျက်ရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများအတွက် သတ်မှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တောင်တွင်းကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ အရာခံဗိုလ် ဦးစိုးပိုင်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ/ နည်းဥပဒေများနှင့်​ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ မလိုလားအပ်သည့် အသက်ဆုံးရှုံးမှုများ မဖြစ်စေရန်၊ ပြည်သူများ ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့နည်း​စေရန်၊ အခြေခံပညာကျောင်းများနှင့် အချက်အချာကျသည့် လမ်းဆုံ/ လမ်းခွများတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေး​ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ ကဏ္ဍလိုက် တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲသို့ အမှတ် ()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၀)ဦး တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ  လူငယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)