မြောင်းမြ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စက်တင်ဘာ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ခါတော်မှီ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက နိုင်ငံတကာစာတတ်မြောက်ရေး ဖြစ်ပေါ်လာပုံ၊ နိုင်ငံတကာ စာတတ်မြောက်ရေးလှုပ်ရှားမှု အကျိုးကျေးဇူးများကြောင့် နိုင်ငံဖွံဖြိုးရေးအတွက် များစွာ အထောက်အကူဖြစ်ကြောင်း၊ ကျန်းမာရေးအသိပညာများ ရှိလာစေမည့် စာဖတ်ခြင်း၊ ဗဟုသုတ ရှာမှီးခြင်းတို့ကို အစဉ်အမြဲ လေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပြသထားသော နံရံကပ်စူစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)