ကြံခင်း စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းပြီး ပထမအကြိမ်မဲပေးမည့် လူငယ်မဲဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသော Kg+12 ကျောင်းသား/သူများအား အသိပညာပေးဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က (အ.ထ.က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူးဦးဇေမင်းထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံအခြေဥပဒေ (၂၀၀၈) ခုနှစ်နှင့် ဥပဒေဆိုင်ရာများအား (G-11) နှင့် (G-12) ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများကို ဟောပြောချက်အားအလေးထားမှတ်သားကြပြီး၊ မိမိကျောင်းများတွင် အဆိုပါလုပ်ငန်းစဉ်အား သတ်မှတ်ချိန်တစ်ချိန်ထည့်ကာ ဟောပြောဆွေးနွေးပေးကြရန် အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှဦးစီးအရာရှိဒေါ်ဝင်းဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက်၊ မြို့နယ်ဥပဒေရုံးမှဥပဒေအရာရှိဦးရဲနိုင်က အခြေခံဥပဒေဆိုင်ရာသိကောင်းစရာဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဟောပြောကြပါသည်။
ထို့နောက်မြို့နယ် ဥပဒေအရာရှိဦးရဲနိုင်က ဥပဒေဆိုင်ရာသိကောင်းစရာစာအုပ်များအား လက်ထောက်ပညာရေးမှူးဦးဌေးဦးထံသို့ပေးအပ်ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်အတွင်းမှ (အ.ထ.က) ကျောင်းနှင့် (အ.ထ.က-ခွဲ) ကျောင်းမှဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၁၂၂) ဦးတက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)