ပေါက်ခေါင်း စက်တင်ဘာ ၄
ပြည်မြို့ခုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာမီမီစိုး (အထူးကုဆရာဝန်ဓာတ်မှန်) ဦးဆောင်သော ဆရာဝန်များနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံသံဃာဆောင်၌ ULTRASOUND တီဗွီဓာတ်မှန် ရိုက်ရန်လိုအပ်သောလူနာများအား အခမဲ့စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ခန္ဓာကိုယ်အတွင်း၊ လည်ပင်းနှင့်ခါးတို့တွင် Ultrasound (တီဗွီဓာတ်မှန်) ရိုက်ရန်လိုအပ်သောလူနာများကို ဓာတ်မှန်အထူးကုဆရာဝန် ဒေါက်တာမီမီစိုးက စမ်းသပ်ဆောင်ရွက်ပေးပြီး၊ လိုအပ်သောဆေးဝါးများကို ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံမှ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။ ယနေ့ကွင်းဆင်းဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းမှကိုယ်ဝန် ဆောင်အမျိုးသမီး (၁၇) ဦးနှင့် အခြားဓာတ်မှန်လူနာ (၂၁) ဦးတို့အား တီဗွီဓာတ်မှန်စမ်းသပ်ရိုက်ပေးပြီး၊ လိုအပ်သောဆေးဝါးများအခမဲ့ပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)