ပြည် စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်သည်။
ရှေးဦးစွာ ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာများနှင့် သင်တန်းတက်ရောက်လာသော ပြည်ခရိုင်အတွင်း မြို့နယ်အခြေခံပညာကျောင်းများမှ သင်တန်းသား/သင်တန်းသူဆရာ၊ ဆရာမများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ဆက်လက်၍ ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့်ပြည်ခရိုင်အတွင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများနှင့်အတူ သင်တန်းသား/သင်တန်းသူများထံ Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများအပါအဝင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ သင်တန်းကာလ ၁၀ ရက်ကြာဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းတွင် တိုင်းဒေသကြီးအဆင့်သင်တန်းတက်ရောက်ခဲ့ပြီးသော သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို ဆွေးနွေးပို့ချမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်းနှင့် ပဟေဠိအမေးအဖြေများအပါအဝင် ထိရောက်လွယ်ကူသောနည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် သင်တန်းသို့ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းနှင့် ရွှေတောင်မြို့နယ်တို့မှ သင်တန်းသား/သင်တန်းသူစုစုပေါင်း(၄၂)ဦး တက်ရောက်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)