ကန့်ဘလူ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မျောက်ကျောက်ရောဂါ (Monkey pox) အကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၄ ရက်နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးနှင့်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်တို့က မျောက်ကျောက်ရောဂါနိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပုံများ၊ မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ပျိုးရက်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများနှင့် မျောက်ကျောက်ရောဂါ သံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သော စစ်ဆေးစမ်းသပ်မှုနှင့်ကုသမှုခံယူနိုင်ပုံများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက မျောက်ကျောက်ရောဂါ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်၊ အ.ထ.က (၁) တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ ၃၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)