ဧရာဝတီတိုင်းဒေသကြီး၏ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ပြိုင်ပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တာဝန်ပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြန်လည်ကျင်းပချိန်မှစ၍ ပြိုင်ပွဲဝင်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ပြီးစီးသွားသည့်အခါ ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် အကဲဖြတ်ပညာရှင်ကြီးများအနေဖြင့်လည်း သမာသမတ်ရှိရှိ ရွေးချယ်ပေးကြရန် မှာကြားလို ပါကြောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ချမှတ်ထားသည့် ဦးတည်ချက် (၄) ရပ် နှင့်အညီ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်တွေကို ဖော်ထုတ်ပြသမည့် ပြိုင်ပွဲဝင်များ အားလုံးသည် မိမိတို့၏ အနုပညာအရည်အသွေးတွေကို အစွမ်းကုန်ဖော်ထုတ်ယှဉ်ပြိုင်သွားကြရန်လိုပါ‌ကြောင်း”အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး၏ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအဖွင့်တေးသီချင်းဖြစ်သည့် “ငွေရတုလှမ်းချီ ဧရာဝတီ” တေးသီချင်းအား အဆိုပြိုင်ပွဲဝင်များနှင့် ပညာအလင်္ကာအဖွဲ့မှသီဆိုပြီး အကပြိုင်ပွဲဝင်များမှ ကပြတင်ဆက်မှုအားလည်းကောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသားရိုးရာအကဖြင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်ယိမ်းအဖွဲ့မှ ကပြတင်ဆက်မှုအားလည်းကောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ကျေးလက်ရိုးရာအကဖြင့်ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုကပြမည့် မြောင်းမြပညာရေးဒီဂရီကောလိပ်ယိမ်းအဖွဲ့မှ “ကျေးလက်သဘာဝ တိုင်းဧရာအလှ”တေးသီချင်းဖြင့် ကပြတင်ဆက်မှုများနှင့် အခြေခံပညာ (၁၀-၁၅ အမျိုးသမီး) ကဗျာလွတ်အကအား ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပထမနေ့ အကပြိုင်ပွဲ တွင် အခြေခံပညာ(၁၀-၁၅) (အမျိုးသမီး) ကဗျာလွတ်အက၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ အဆင့်မြင့်ပညာ (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ ဝါသနာရှင်ဒုတိယတန်း (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ အဆိုပြိုင်ပွဲတွင် ဝါသနာရှင်ပထမတန်း (အမျိုးသား) (အမျိုးသမီး) မဟာဂီတ၊ ဝါသနာရှင်ပထမတန်း (အမျိုးသား) (အမျိုးသမီး) ခေတ်ဟောင်း/ကာလပေါ်၊ အဆင့်မြင့် ပညာ(အမျိုးသား) (အမျိုးသမီး) မဟာဂီတ၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်ပထမတန်း (အမျိုးသား)၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား)၊ အဆင့်မြင့်ပညာ(အမျိုးသား)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား) အိုးစည်အတီးပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ယခုလ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲဝင် (၁၃၃) ဦး၊ အကပြိုင်ပွဲဝင် (၂၈၁) ဦး၊ အရေးပြိင်ပွဲဝင် (၁၆) ဦး၊ အတီး ပြိုင်ပွဲဝင် (၃၁၁) ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် (၇၄၁) ဦးပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)