ရွှေသောင်ယံ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက်(၁၀)နာရီအချိန်က သားဖွားဆရာမဒေါ်မို့မို့ဝင်းမှ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောပွဲကိုပြုလုပ်ဆောင်ရွက်သည်။
အဆိုပါဟောပြောပွဲတွင် ကိုယ်ဝန်ဆောင်မိခင်များ အစာအဟာရနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်၊ စားသောက်လှုပ်ရှားမှုများရှိစေရန် အသိပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်များ မိခင်ရင်သွေးကျန်းမာရေးအတွက် စောင့်ရှောက်နေထိုင် လှုပ်ရှားရခြင်းများ၊ ဂရုစိုက်သင့်သည်များအား အသေးစိတ်ပြောကြားပြီး ကလေးမွေးဖွားရာတွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ညွှန်ကြားသည့် ဆေးရုံဆေးခန်းများတွင် မွေးဖွားရန်မိခင်များ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ မွေးပြီးချိန်တွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင်ကိုယ်ဝန်ဆောင်စဉ်မှ ကလေးမွေးဖွားပြီးချိန်(၅)နှစ်အထိကျန်းမာရေးစောင့်ရှောက်မှုများ၊ မိမိကိုယ်မိမိ ဂရုစိုက်၍ ကျန်းမာရေးစောင့်ရှောက်ရမည့် အချက်များတွင် ကျန်းမာရေးတစ်စုံတစ်ရာကြောင့် ဆေးသောက်ပါက တတ်ကျွမ်းသော ဆရာ၊ ဆရာမများ၏ ညွှန်ကြားချက်များဖြင့် သောက်သုံးရန်စသည်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကလေးရောမိခင်ပါ ကျန်းမာစေဖို့ လိုအပ်သည်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)