ကလိန်အောင် စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီကာလတွင် သံပုရာသီးများဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
လက်ရှိသံပုရာသီးဈေးက အရင်နှစ်တွေကထက်ပိုကောင်းတယ်၊ အလုံးအရွယ်အစားအလိုက် မူတည်ပြီး တစ်လုံးကို ငွေ ၆၀ ကျပ်လောက်အထိ ဈေးရတယ်၊ မနှစ်က ဒီအချိန်ဆိုရင် တစ်လုံးကို ငွေ ၁၅ ကျပ် အထိလောက်ပဲ ဈေးရကြောင်း ကလိန်အောင်မြို့ရှိ သံပုရာသီးခြံစိုက်ပျိုးတောင်သူ တစ်ဦးကပြောသည်။
“ကလိန်အောင်မြို့နဲ့ အနီးဝန်းကျင်ကျေးရွာများက တောင်သူတွေ့က ခြံစိုက်ပျိုးတာများကြတယ်၊ ဒီနှစ်က ဥယျာဉ်ခြံအများစုမှာ သံပုရာသီးအပင်က ပိုးကျပြီး အပင်သေတာလည်းများ၊ နောက်ပြီး အသီးထွက်နှုန်းကလည်း နည်းကြပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ကလိန်အောင်မြို့အတွင်း ထွက်ရှိသည့် သံပုရာသီးများကို ထားဝယ်မြို့နှင့် ကံပေါက်ကျေးရွာ များမှ ဖောက်သည် လာရောက်ဝယ်ယူကြပြီး တဆင့်ပြန်လည်ရောင်းချကြသလို့ ရန်ကုန်နှင့် မော်လမြိုင်မြို့ကြီးများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
သံပုရာသီးအပင်များကို ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည် ကျောက်ရှပ်ကျေးရွာ၊ မိကျောင်းလှောင်၊ ကော့လှိုင်၊ ရာဖူးအစရှိသည့် ကျေးရွာများ၌ တောင်သူများမှာ စီးပွားရေးအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)