မအူပင်တက္ကသိုလ်၌ ဘွဲ့ကြိုသင်တန်းကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြားစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကျင်းပ

မအူပင် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြားစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာနီနီဦးက အဖွင့်အမှာစကားပြောကြားပြီး ဘွဲ့ကြိုသင်တန်းကျောင်းသား၊ ကျောင်းသူများမှ မိမိတို့အဖွဲ့လိုက်ပြုစုထားသည့် စာတမ်းများအား ဌာနအလိုက်ဖတ်ကြားယှဉ်ပြိုင်ခဲ့ကြရာ တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများပြသထားသည့် Project များ၊ Table Show များနှင့် နံရံကပ်စာစောင်များအား မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မအူပင်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး Project Paper ဖတ်ကြားစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)