တမူးမြို့တွင် မျောက်ကျောက်ရောဂါ (Mpox) ကာကွယ်ကုသထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပွဲအခမ်းအနား ကျင်းပ

တမူး စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မျောက်ကျောက်ရောဂါ (Mpox)ကာကွယ်ကုသထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပေးရှင်းလင်းပွဲတွင် တမူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး တမူးခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသုတက ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားသည့် နိုင်ငံများနှင့် တွေ့ရှိရသောနေရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် မျောက်ကျောက်ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းပိုင်ရှင်များ၊ သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ