ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇) ခု တည်ဆောက်ဖွင့်လှစ်သွားမည်

ဘားအံ စက်တင်ဘာ ၄

ကရင်ပြည်နယ်အတွင်း ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်ပေါင်း (၃၃) ခုရှိပြီး ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇) ခုကို တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ လှာကမြင်ကွက်သစ်၌ ကျင်းပသည့် အလင်းတိုက်စာကြည့်တိုက်သစ်ဖွင့်ပွဲမှ သိရသည်။

အလင်းတိုက်စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ်သိန်း (၁၅၀) ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုထည့်ဝင်ငွေ (၉၀) သိန်း စုစုပေါင်းငွေကျပ် သိန်း (၂၄၀) ကျော်ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရာတွင် စာဖတ်အားကောင်းလာစေရေးနှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးသည် မဖြစ်မနေလိုအပ်ကြောင်း၊ စာကြည့်တိုက်များနှင့် စာအုပ်စာပေများသည် မိမိတို့လက်လှမ်းမီသောနေရာများတွင်သာ တည်ရှိနေပြီး လွယ်လင့်တကူလေ့လာဖတ်ရှုနိုင်ကြကာ လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခု ဖြစ်သောကြောင့် စာကြည့်တိုက်မှ စာအုပ်စာပေများကို ဖတ်ရှု၍ ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏ အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲ စာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စာကြည့်တိုက်များအတွက် ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းကြရာ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု၊ ဖအွံ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ မုက္ကဒိကျေးရွာအုပ်စုများရှိ စာကြည့်တိုက်(၃)တိုက်အတွက် တစ်တိုက်လျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ငွေပဒေသာပင်ကျပ်သိန်း (၃၀) ၊ အလင်းတိုက်စာကြည့်တိုက်အတွက် ငွေပဒေသာပင်ကျပ် (၁၁) သိန်းနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က စာကြည့်တိုက် တည်ဆောက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့် ပတ်သက်သည့်စာရွက်စာတမ်းများ၊ စာအုပ်စာစောင်များနှင့် ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတစ်ဦးတို့က အလင်းတိုက်စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ စာကြည့်တိုက်အတွင်းရှိ စာအုပ်စာစောင်၊ ပရိဘောဂများနှင့် ဒေသခံပြည်သူများ၏ သုတ၊ ရသစာအုပ်၊ စာစောင်များ လာရောက်လေ့လာဖတ်ရှုနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ စာကြည့်တိုက်ကို လာရောက်အသုံးပြုသူများအတွက် အများသုံးသန့်စင်ခန်း တည်ဆောက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလင်းတိုက်စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် လှာကမြင်ကွက်သစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)