ကန်ကြီးထောင့်မြို့နယ်တွင် မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအား မျိုးစပါးနှင့် မြေဩဇာထောက်ပံ့ပေးအပ်

ကန်ကြီးထောင့် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအား မျိုးစပါးနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ အတွင်းရေးမှူး ရဲမှူးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆင်းသုခမျိုးစပါးနှင့် မော်ဘီ-၃မျိုးစပါးအားလည်းကောင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများအားလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များသည် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၊ ကွင်းအမှတ် ၁၈၆ စီ၊ ဦးပိုင်အမှတ် ၁၀(က)၊ တောင်သူဦးချစ်ထွေ၏ လယ် တစ်ဒဿမငါးသုံညဧကတွင် ရက် (၉၀) မျိုးစပါးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချနေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)