မုံရွာ စက်တင်ဘာ ၄
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဦးစွာ မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ဆွေက မျောက်ကျောက်ရောဂါအကြောင်းနှင့် စပ်လျဥ်းပြီး မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သောနည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့် နိုင်ငံများနှင့် တွေ့ရှိရသောနေရာများနှင့် မုံရွာမြို့နယ်အတွင်း မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် မျောက်ကျောက်ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်စာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)