ပုသိမ် စက်တင်ဘာ ၄
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“မိမိတို့နိုင်ငံတွင် မကြာခင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူတော့မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည် ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသား ဆရာ/ဆရာမများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာ ကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tabletနှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် အထောက်အကူပြုပစ္စည်းများ ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းကို ယခုလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)