ဒေးဒရဲ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကံဆိပ်ကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မဲခေါင်-လန်ချန်းစီမံကိန်း အထူးရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့မွန်းလွဲ (၂) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်ကျဥ်းမြောင်းစေရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်စေရေး စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ လျှပ်စစ်စွမ်းအင်ကဏ္ဍသည် ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးပေးဆောင်ရွက်လျက်ရှိရာ ကံဆိပ်ကျေးရွာတွင် (၉၉) ကီလိုဝပ်ဆိုလာအသေးစားစနစ်ဖြင့် ကျေးရွာနေပြည်သူများ (၂၄) နာရီ မီးရရှိရေးနှင့် ကျေးရွာသောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ လူမှုဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်ရာ ကျေးရွာမီးလင်းရေးလုပ်ငန်းများ သားစဥ်မြေးဆက်အသုံးချနိုင်ရေး ကျေးရွာနေပြည်သူများ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ကျေးရွာတာဝန်ရှိသူများတင်ပြလာသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာမီးလင်းရေး၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်အား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်လျက်ရှိရာ (၂၀၂၅) ခုနှစ် သြဂုတ်လအတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းပြီးစီးပါက ကံဆိပ်ကျေးရွာရှိ အိမ်ထောင်စု (၂၇၆) စု၊ လူဦးရေ (၁၂၇၂) ဦး လျှပ်စစ်မီးများနှင့် သန့်ရှင်းသောသောက်သုံးရေများရရှိမည်ဖြစ်ရာ အသေးစားစက်မှုလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း