ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်

ဘိုကလေး စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ယမန်နေ့နေ့လယ်(၁)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ အမှတ်(၈) ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ/များ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်က အနာဂတ်၏ မျိုးဆက်သစ်များဖြစ်ကြသော ကျောင်းသား/သူများသည် အနာဂတ်နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုကြသည့်အချိန်၌ ပညာပြည့်ဝနှလုံးလှသူများ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်စေရေးအတွက် ယခုအချိန်ကတည်းက စာများများဖတ်ရန်လိုအပ်ကြောင်း၊ စာပေဗဟုသုတ၌ မွေ့လျော်ခြင်းသည် မိမိတို့၏ဘဝ၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ အနာဂတ်နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းက အကျိုးပြုတည်ဆောက်ခြင်းဖြစ်ကြောင်း စာပေ၏ အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများအား ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်က အမှတ်တရဆု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသ၊ ကဏ္ဍစုံ စာအုပ်စာပေများ၊ အသိပညာပေး ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များအပါအဝင် ကဏ္ဍစုံ နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)