မုံရွာစီးပွားရေးတက္ကသိုလ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မုံရွာ၊ စက်တင်ဘာ ၄ 

မုံရွာစီးပွားရေးတက္ကသိုလ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၂)နာရီက အဆိုပါ တက္ကသိုလ်ရှိ ငွေရတုခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခိုင်မာလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မုံရွာစီးပွားရေးတက္ကသိုလ် ဆေးပေးခန်းမှ အထက်တန်းသူနာပြု ဆရာမဒေါ်ဇင်မာမြင့်က မျောက်ကျောက်ရောဂါအကြောင်းနှင့် စပ်လျဥ်းပြီး မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့် နိုင်ငံများနှင့် တွေ့ရှိရသော နေရာများကို ပရိုဂျက်တာများဖြင့် ပြသ၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် မျောက်ကျောက်ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူကြရန် ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများ၏ ထပ်မံသိလိုသည့် မေးမြန်းမှုများကို  ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ခိုင်မာလှိုင်က မျောက်ကျောက်ရောဂါအကြောင်း ဟောပြောပေးသော အထက်တန်းသူနာပြု ဆရာမဒေါ်ဇင်မာမြင့်ထံသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။

အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပြုလုပ်သော မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲသို့  မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ခိုင်မာလှိုင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊  ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၀၀) ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)