ငဖဲမြို့နယ် ပန်းထိန်းကျေးရွာ အ.ထ.က (ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ငဖဲ  စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပန်းထိန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးက ကျောင်းသား/သူလူငယ်မောင်မယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး ကြိုးစားဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း၊ သို့မှသာ စာပေကရရှိတဲ့ အသိတရားဖြင့် မိမိဘဝတိုးတက်မြင့်မားအောင်လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-10 မှ မောင်ဇင်ကိုအောင်က လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်ဂျွန်ဆူးဝေက လူငယ်နှင့်အင်တာနက်သုံးစွဲမှု၊ မသက်ထားစံက လူငယ်နှင့်အောင်မြင်မှုနည်းလမ်းများ၊ Grade-10 မှ မအေးအေးမိုးက လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်များဖြင့် မိမိတို့ဖတ်မှတ်လေ့လာထားရှိမှုများကို အသီးသီးဆွေးနွေးကြရာ  တက်ရောက်လာကြသည့် ကျောင်းသား/သူများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် ပန်းထိန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)