ကန့်ဘလူ စက်တင်ဘာ ၄
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးဆောင်၍ ပညာရေးဌာနနှင့် ပူးပေါင်းကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်(အထက်တန်း) ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် အ.ထ.က(၁) တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဥ်ခဲ့သည်။ ဆက်လက်၍ ခရိုင်အဆင့်ယှဥ်ပြိုင်ကာ ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပမည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)