အိမ်မဲ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခဲ့ရာ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမာဖြစ်ရတဲ့အကြောင်းအရင်း၊ ဘေးအန္တရာယ်ရှိသော ကလေးလုပ်သား၊ မြန်မာနိုင်ငံရှိ ကလေးလုပ်သား စစ်တမ်းကောက်ယူမှုမှ အဓိကတွေ့ရှိချက်များ အစရှိသည့် ခေါင်းစဥ်များဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ ကျင်းပရာ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
ထိုကဲ့သို့ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ ပြည်သူများအနေဖြင့် ကလေးအလုပ်သမားဖြစ်ပွားရသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်သည်။
ချစ်သက်လယ်(ပြန်/ဆက်)