နတ်မောက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် ပြိုင်ပွဲများကျင်းပပေးရခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသား/သူများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကား စုံပညာရေးကို မြှင့်တင်ကြပါစို့” ခေါင်းစဉ်ဖြင့်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူများက အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း (အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ကျောင်းတို့မှ ကျောင်းသား/ သူ (၂၈)ဦးဝင်ရောက် ယှဉ်ပြိုင်ကြသည်။
လှဝင်း