ပွင့်ဖြူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ (၃၁၁၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန်အတွက် ဒေသခံတောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဇွန်လ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ဧက (၃၁၁၆) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် ဒေသခံတောင်သူများက ဝါစိုက်ခင်းများကို တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေဩဇာကျွေးခြင်း၊ မြေဆွပေါင်းနုတ်ခြင်းနှင့် ပိုးမွှားရောဂါ မရောက်စေရန် ကြိုတင်ကာကွယ် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်မှာ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေဖို့ ရည်ရွယ်ပြီး ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ဧက (၅၈၀၀) လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒီနေ့ထိ မြေပြင်စိုက်ပြီးဧက (၃၁၁၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံဟာ ဈေးကွက်ရှိတာကြောင့် နှစ်စဉ် မိုးရာသီမှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါသီးနှံ အားထားစိုက်ပျိုးခြင်းကို ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ ရေပုတ်ကြီးကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ မဲဇလီကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ကုလားဟောင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနဲ့ ရေပုတ်လေးကျေးရွာတို့မှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဝါသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် စိုက်ပျိုးနည်းစနစ်တွေ၊ သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေ၊ စိုက်ပျိုးရေးသွင်းအားစု စနစ်တကျ သုံးစွဲနည်းတွေ၊ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ် သက်သာစေမယ့် ကိုယ်တိုင်သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းစနစ်တွေစတဲ့ တောင်သူပညာပေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ ဒီနှစ်က မိုးရွာသွန်းမှု ကောင်းတာကြောင့် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ချည်မျှင်ဝါသီးနှံစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေ တွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင် (၁၀) စသည့် ဝါသီးနှံမျိုးများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )