ကြံခင်း စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော ကျောင်းသား လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ်၊ (အ.ထ.က) မြောင်ကြီးကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ (အ.ထ.က)မြောင်ကြီးကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်က ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အနာဂတ် ကျောင်းသား/သူများဖြစ်လာစေရေး ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့် အချိုမှုန့်၏ဆိုးကျိုးများအားလည်းကောင်း၊ Book Club အဖွဲ့ဝင် ရာဇာငယ်(ကနောင်)က လူငယ်နှင့်စာပေလေ့လာဖတ်ရှုပုံနှင့် အနာဂတ်လူငယ်နှင့်စာပေ ခရီးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပါသည်။
ဟောပြောပွဲသို့ (အ.ထ.က)မြောင်ကြီးကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်နှင့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားခြင်းအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)