ညောင်လေးပင်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်

ညောင်လေးပင် စက်တင်ဘာ ၃

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနဲ့လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မယ့်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထား သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ၂၀၂၄ သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာငွေအရင်းအမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အဆင့်နည်းပြသင်တန်းတွင် သင်ကြားပို့ချမည့် နည်းပြအရာရှိများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီလာထွန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌမှ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ မြိုနယ်သန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ လူမူရေးအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်သန်းသား၊ သင်တန်းသူ (၃၆) ဦး၊ အရန်သင်တန်းသား (၄) ဦး တက်ရောက်ကြပြီး သင်တန်းအား စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)