ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်  မူလတန်းအဆင့်  ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရေးတို့အတွက် ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ကလေးသူငယ်များ ဥပဒေ၊ နည်းဥပဒေများနှင့် က​လေးသူငယ်များရရှိမည့် အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုကျင်းပရာ  ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ  ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများကမြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း