ဟင်္သာတ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုဆိုလျှင် ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းများအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းအဆင့်တွင် နည်းပြအဖြစ်သင်ကြားခဲ့သည့် ဆရာ/ဆရာမများမှ ခရိုင်အဆင့် ဆက်လက်ဆင့်ပွားပို့ချရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့်(၃)နှစ်ကတည်းက စတင်၍ အချိန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး နည်းပညာများ တိုးတက်လာတာကြောင့် ယခင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းများနှင့်မတူပဲ နည်းပညာအသုံးပြု စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ စာရင်းကောက်ကွက် မြေပုံများဖွဲ့စည်းခြင်း၊ Computer Assisted Personal Interviews (CAPI)စနစ်တည်ဆောက်ခြင်းနှင့် စာရင်းကောက်ယူမည့် Application ရေးသားခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များ ပြုစုပုံနှိပ်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်ပစ္စည်းများနဲ့ လူထုအသိပညာပေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အုပ်ချုပ်မှုသင်တန်းများဖွင့်လှစ်ခြင်း စသည့်ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအတော်များများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်တွေက သန်းခေါင်စာရင်း မေးခွန်းပါ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ကောက်ယူနိုင်မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး အောင်မြင်သည့် သန်းခေါင်စာရင်းဖြစ်လာမှာ ဖြစ်သည့်အတွက် ယခုသင်တန်းတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများအား လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်သလို အပြန်အလှန် ဆွေးနွေးခြင်း၊ အမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များအား ခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်နှင့် ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူး ဒေါ်သီတာအောင်တို့က သင်တန်းသားများအား ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ(ကိုယ်စား)ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းအား စက်တင်ဘာလ ၃ရက်နေ့ မှ ၁၄ ရက်နေ့ထိ (၁၂)ရက်တိုင်တိုင် နည်းပြဆရာ(၃)ဦးမှ သင်တန်းသား/သူ(၃၃)ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)