လပွတ္တာ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပဝင်းက သန်းခေါင်စာရင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စာရင်းကောက်ယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သန်းခေါင်းစာရင်းကောက်ယူရာတွင် အသုံးပြုမည့် tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသား/ သူများအားပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းတွင် သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို နည်းပြဆရာ(၃)ဦးမှ စာတွေ့လက်တွေ့ သင်ကြားပို့သွားမည်ဖြစ်ပြီး လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၃၃)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁၀)ရက်တာဖြစ်ကြောင်း သိရှိရသည်။
မူမူ