မြောင်းမြ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်ရာ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အလွန်တာဝန်ကြီးမားသဖြင့် အလေးနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် အစီအမံကောင်းများ၊ နည်းပညာများ အသုံးပြုစေကာမူ စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်း မေးခွန်းပါ အကြောင်းအရာများကို ပြည့်စုံမှန်ကန် ကျွမ်းကျင်ပိုင်နိုင်စွာ ကောက်ယူနိုင်မှသာ အရည်အသွေးကောင်းမွန်ပြီး အောင်မြင်သည့် သန်းခေါင်စာရင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ မြောင်းမြခရိုင် နည်းပြသင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက သင်တန်းသားများအတွက် သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုသည့် (Tablet) နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်း လမ်းညွှန်စာအုပ်များအား ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီးအဆင့် နည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူ (၃၉) ဦးတို့အား စက်တင်ဘာလ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ စုစုပေါင်း (၁၂) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)