ပဲခူး စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်နေသည့် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပနေသည့် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ အဆင့်မြင့်ပညာအဆင့် အဆို(မဟာဂီတ) ပြိုင်ပွဲဝင် မအိမ့်မှူးခင်နှင့် မဟေမာန်ကျော်တို့မှ “ပပဝင်းဝင်း” သီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေမှုအားလည်းကောင်း၊ ရှင်စောပုလမ်း၊ သီရိဟံသာခန်းမ၌ ဝါသနာရှင်ဒုတိယအဆင့် မယ်ဒလင်အတီးပြိုင်ပွဲဝင် ဦးစန်းဝင်း၊ ဦးရမ်းကျော်နှင့် ဦးသန်းရှိန်တို့မှ “ပန်းဟေဝန်” သီချင်းဖြင့် မယ်ဒလင်အတီးပြိုင်ပွဲဝင်နေမှုနှင့် ဦးသန်းရှိန်၏ ဝါသနာရှင်ဒုတိယအဆင့် ဂီတာအတီးပြိုင်ပွဲ လက်စွမ်းပြတီးခတ်မှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဒိုင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အခြေခံပညာအဆင့်(၁၅-၂၀)ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ညောင်လေးပင်ခရိုင်မှ မတုံတုံနှင့်အဖွဲ့၊ ပဲခူးခရိုင်မှ မောင်ဒီဇင်ဘာဒိုးလေးနှင့် အဖွဲ့၊ ပဲခူးခရိုင်မှ အဆင့်မြင့်ပညာအဆင့် ဆိုင်းတစ်ဦးချင်းအတီးပြိုင်ပွဲဝင် မမိုးပြည့်ပြည့်နိုင်တို့၏ လက်စွမ်းပြယှဉ်ပြိုင်တီးခတ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဗုဒ္ဓအသံဓမ္မဗိမာန်တွင် အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲအားလည်းကောင်း၊ သီရိဟံသာခန်းမတွင် အတီးပြိုင်ပွဲအားလည်းကောင်း၊ မြို့တော်ခန်းမ၌ ဆိုင်းအတီးပြိုင်ပွဲနှင့် အကပြိုင်ပွဲအားလည်းကောင်း စုစုပေါင်းပြိုင်ပွဲဝင်(၂၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)