ဝါးခယ်မမြို့နယ် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓမဟာထေရ်အရှင်သူမြတ်ကြီး၏ ဥရုဇရုပ်ကလပ်တော်အား စံကျောင်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံခြင်း အခမ်းအနားကျင်းပ

ဝါးခယ်မ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ ရွာလယ်ရပ်ကွက် သီရိမင်္ဂလာလမ်း ကုလဝတီကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဝါးခယ်မမြို့နယ် သံဃနာယကအဖွဲ့ ဩဝါဒါစရိယဂေါ်ပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ဖြစ်တော်မူသော သက်တော်(၇၅)နှစ်၊ သိက္ခာတော်(၅၅)ဝါးရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓမဟာထေရ် အရှင်သူမြတ်ကြီး၏ ဥရုဇရုပ်ကလပ်တော်အား စံကျောင်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ မန္တလေးကျောင်း ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံက(၈)ပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်ကြီး များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အောင်ရတနာကျောင်းဆရာတော် ဘဒ္ဒတဩဘာသက ဂုဏဝဏ္ဏနာမြတ်ဂါထာဖတ်ကြားခြင်း၊ ငြိမ်းအေးချမ်းသာကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လက ကုလဝတီကျောင်း ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ၏ ထေရုပ္ပတ္တိစာတန်းဖတ်ကြားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကွမ်းခြံကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာစာရက တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ပေးပို့သော ဝမ်းနည်းကြောင်းနှင့် သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာအား ဖတ်ကြားတော်မူခြင်း၊ ရွာလည်ကျောင်းသစ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံက ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခြင်း၊ ဆွေတော်မျိုးတော် တပည့်ဒါယကာ-ဒါယိကာမများက ရုပ်ကလပ်ရှေ့တွင် နေရာယူခြင်း၊ ကဝိသိပ္ပံကျောင်း‌ဆရာတော် ဘဒ္ဒန္တဇဝနက အပြစ်ရှိက သည်းခံခွင့်လွှတ်ရန် အဘိယာစန ဂါထာဖတ်ကြားခြင်းနှင့် ရာပြည့်ကျောင်းဆရာတော် ဘဒ္ဒန္တသုမနက ကာလရောစနဂါထာ စံကျောင်းချ ဂါထာဖတ်ကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)