လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

လိပ်သို စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသော “သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ဆေးပညာ၏ကဏ္ဍ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းသည် လူတစ်ဦးတစ်ယောက်အတွက် စိတ်စွမ်းအားကို ပြည့်၀စေနိုင်ကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း လူတို့၏မိတ်ဆွေစစ်များမှာ စာအုပ်များပင်ဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်နဒီအောင်က “သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု” ခေါင်းစဉ်မှ “ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်းနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု ဆက်စပ်နေကြောင်း၊ သဘာဝပတ်ဝန်းကျင်များ ဖြစ်သော သစ်ပင်၊ သစ်တော၊ တောတောင်၊ ဒီရေတော၊ မြေပေါ်မြေအောက် သဘာဝသယံဇာတတို့ကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် သဘာဝဘေးဒုက္ခကို ကြိုတင်ကာကွယ်နိုင်ကြမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုးကြီးများ ဖြစ်ပွားမှုလျှော့ချရေး၊ ထပ်မံမဖြစ်ပွားအောင် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းမှာ အဓိကကျလှပြီး ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသော “သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ဆေးပညာကဏ္ဍ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် သဘာဝဘေးအန္တရာယ်ဆိုးကြီးများ၊ ယင်းတို့၏ ဖြစ်စဉ်သဘာဝများနှင့် ကိုင်တွယ်ဖြေရှင်းသင့်ပုံများကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)