ပန်းတနော် စက်တင်ဘာ ၃
ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မင်းတစုကျေးရွာရှိ သမိုင်း၀င်ကျိုက္ခနိမ်စေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ တော်သလင်းလဆန်း (၁) ရက်၊ စက်တင်ဘာလ (၃) ရက်၊ နံနက် (၈) နာရီ အချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျိုက္ခနိမ်စေတီတော်မြတ်ကြီး သြဝါဒစရိယဆရာတော် အရှင်သိရိန္ဒ၊ ပန်းတနော် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးသိန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူတစ်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြီးနောက် ဆရာတော်ဦးဆောင်ပြီး ကျိုက္ခနိမ် စေတီတော်မြတ်ကြီးအား လင်္ကျာရစ်(၃)ပတ် လှည့်လည်ပူဇော်ကြပါသည်။
ထို့နောက် သမိုင်း၀င် ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ မုဒ်ဦးတန်ဆောင်းတွင် ဒုတိယအခမ်းအနား အစီအစဉ်ကို ဆက်လက်ကျင်းပရာ ကြွရောက်လာသော ပရိသတ်များမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး သြဝါဒစရိယဆရာတော်ထံမှ ငါးပါးသီလခံယူကြကာ ဆရာတော်ထံမှ သြဝါဒတရား နာကြားကြပါသည်။ ထို့နောက် ကြွရောက်လာသော ပရိသတ်များက ဗုဒ္ဓသာသနံ စိရံ တိဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနား ပြီးစီးခဲ့ပါသည်။
တတိယအစီအစဉ်ဖြင့် မြန်မာ့ရိုးရာ (၅)တက်လှေပြိုင်ပွဲနှင့် စက်တပ်ရေယာဥ် ( ရှိုး နှင့် ဖား) ပြိုင်ပွဲ ဖွင့်ပွဲကို စေတီတော်မြတ်ကြီး၏ မြေထိန်းနံရံ ရေပေါ်စင်္ကြန်ပေါ်ရှိ စေတီတော်မြတ်ကြီး ဆိုင်းဘုတ်ရှေ့တွင် ဆက်လက်ပြုလုပ်ပြီးနောက် ဧည့်သည်တော်များသည် မြန်မာ့ရိုးရာ (၅)တက် လှေပြိုင်ပွဲနှင့် စက်တပ်ရေယာဥ်ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စက်တင်ဘာလ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာ့ရိုးရာ လှေပြိုင်ပွဲ၊ စက်တပ်ယာဥ် (ဖား)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲများ စသည့်အားကစားပြိုင်ပွဲများနှင့် ညပိုင်းတွင် ဆိုင်းပွဲ၊ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူအောင်(ပြန်/ဆက်)