ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မိုးသီးနှံစုံ ၁၂၀၇၆ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရပြီး သီးနှံများ အထွက်နှုန်း လျော့နည်းမှုမဖြစ်စေရေးအတွက် တောင်သူပညာပေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်သီးနှံ၊ ငှက်ပျော၊ အုန်း၊ ထန်း၊ သီးပင်စားပင်၊ ပရဆေးပင်နှင့် အထွေအထွေစားသုံးသီးနှံများစသည့် မိုးသီးနှံစုံစိုက်ဧက ၁၁၁၀၂၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ ယခုအခါ ဒေသခံတောင်သူများက ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့သော မိုးသီးနှံများကို ဇူလိုင်လကုန်ပိုင်းမှစတင်၍ သိမ်းဆည်းရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့ထိ မိုးသီးနှံစုံ ၁၂၀၇၆ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
" ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေဖို့၊ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအားမြင့်မားတိုးတက်စေဖို့ ရည်ရွယ်ပြီး မိုးသီးနှံစုံစိုက်ဧက ၁၁၁၀၂၂ ဧက စိုက်ပျိုးထားရှိပါတယ်။ အဲဒီမိုးသီးနှံတွေထဲမှာ ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ မြေပဲ ၊ နှမ်း ၊ ပဲတီစိမ်း ၊ ကျွဲနွားတိရစ္ဆာန်အစာ ၊ အခြား စားသုံးသီးနှံများမှာ ရိတ်သိမ်းချိန်ရရှိပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဇူလိုင်လကုန်ပိုင်းကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဒီနေ့ထိ ၁၂၀၇၆ ဧက ရိတ်သိမ်း ပြီးစီးသွားပြီ ဖြစ်ပါတယ်။ မိုးသီးနှံတွေ အထွက်နှုန်းအနေနဲ့ကတော့ မြေပဲသီးနှံမှာ တစ်ဧက ၅၄ ဒသမ ၃၂ တင်း ၊ နှမ်းသီးနှံမှာ တစ်ဧက ၈ ဒသမ ၁၂ တင်း ၊ ပဲတီစိမ်းသီးနှံမှာ တစ်ဧက ၁၉ ဒသမ ၃၂ တင်း၊ ကျွဲနွားတိရစ္ဆာန်အစာမှာ တစ်ဧက ၂၃၃၀ ထုန်း ၊ အခြား စားသုံးသီးနှံတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် တစ်ဧက ၃၅၂၀ ပိဿာ ၊ အုန်း တစ်ဧက ၄၁၆၂ ခိုင်၊ ငှက်ပျော တစ်ဧက ၁၄၃၂ ခိုင်၊ သစ်သီးပင် တစ်ဧက ၁၄၆၅၈ လုံး စိုက်ပျိုးထွက်ရှိခဲ့ပါတယ်။ မိုးသီးနှံတွေ သိမ်းဆည်းရိတ်သိမ်းမှုနဲ့ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုတွေ မဖြစ်စေရေးအတွက် စနစ်တကျ သိမ်းဆည်းကြဖို့အတွက် ဒေသခံတောင်သူတွေကို အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများနဲ့ အမိုးအကာအောက် စနစ်တကျ သိမ်းဆည်းနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
အဆိုပါ မိုးသီးနှံစုံ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် မြေပဲသီးနှံ ၃၅၂ ဧက ၊ နှမ်းသီးနှံ ၈၅၂၀ ဧက ၊ ပဲတီစိမ်းသီးနှံ ၁၉၄၀ ဧက ၊ ကျွဲနွားတိရစ္ဆာန်အစာ ၆၂၀ ဧက ၊ အခြားစားသုံးသီးနှံ ၆၄၄ ဧက ၊ စုစုပေါင်း ၁၂၀၇၆ ဧက ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး ၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး ၊ ပိုးမွှား ရောဂါ ကြိုတင်ကာကွယ်ရေး၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး ၊ အချိန်မီ သီးနှံရိတ်သိမ်း နည်းစနစ်များ သိရှိလိုက်နာနိုင်ရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စပ်ဆက်ဌာနများနှင့် ပူးပေါင်းကာ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )