လပွတ္တာ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် လပွတ္တာခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (လပွတ္တာ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့ (ဒုတိယနေ့)တွင် ပြပွဲ၊ ပြိုင်ပွဲများ၌ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ စာပေဗဟုသုတရရှိရေး၊ ဉာဏ်ရည် ထက်မြက်ရေး၊ ကလေးများ၏ စွမ်းရည်များ မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ ဂိမ်းကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများ ပါဝင်ကာ လာရောက်လေ့လာသော အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များက ပြပွဲ၊ ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)