တောင်တွင်းကြီးမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ် အသိပညာပေးဟောပြောပွဲကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဥပဒေရေးရာအသိပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိကောင်းစရာများ ဟောပြောခြင်း၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဟောပြောခြင်းစသည့်  လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ပင်မဆောင်အပေါ်ထပ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးဇော်မျိုးနိုင်က ဥပဒေပုဒ်မများအကြောင်းနှင့် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ တောင်တွင်းကြီးမြို မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်မင်းက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးထုတ်လုပ်သည့် ဘိန်းပင်နှင့် အခြားအပင်များ၊ မူးယစ်ဆေးအဖြစ် သတ်မှတ်ထားသည့် ဆေးဝါးများနှင့် မူးယစ်ဆေးဝါး အုပ်စု (၅) မျိုးတွင် ပါဝင်သည့် အရာများကိုလည်းကောင်း၊ လူငယ်များနှင့် မူးယစ်ဆေးဝါး စတင်အသုံးပြုသူတို့၏ အကြောင်းရင်းများ၊ ပြသာနာများ၊ အသိပညာအားနည်းမှုများကို လည်းကောင်း၊ တိုက်ဖျက်ရေး၊ ကုသရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူများအတွက် သတ်မှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးပြည့်မောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များအကြောင်း၊ လွှတ်တော်(၃)ရပ်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်နှင့် မဲဆန္ဒနယ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြစ်မှုပြစ်ဒဏ် ကျခံနေသူများမှ တစ်ပါးအသက် ၁၈ နှစ်အထက် မည်သူမဆို ဆန္ဒမဲပေးနိုင်ကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းဆိုင်ရာ သိသင့်သိထိုက်သော အထွေထွေဗဟုသုများအကြောင်း တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ အရာခံဗိုလ် ဦးစိုးပိုင်က ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်​ မော်တော်ဆိုင်ကယ် စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ မလိုလားအပ်သည့် အသက်ဆုံးရှုံးမှုများ မဖြစ်စေရန်၊ ပြည်သူများ ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်း​စေရန်၊ အခြေခံပညာကျောင်းများနှင့် အချက်အခြာကျသည့် လမ်းဆုံ/လမ်းခွများတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေး​ပြောကြားခဲ့သည်။

အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲသို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၁၃) ဦးတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ  လူငယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)