ရှမ်းရွာသစ် စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များက စာရေးဆရာဖေမြင့် ရေးသားသော “စိတ်ဓာတ်နှင့်နည်းနာ” စာအုပ်တွင် လူအများစုသည် စိတ်ဓာတ်ရော နည်းနာပါ ပြည့်စုံသည့်အခါ သူတို့အလုပ်တွေ သွက်လက်ထက်မြက်လာသည်။ ထိရောက်အောင်မြင်ကြသည်။ လူအများထက် ထူးခြားစွမ်းဆောင်နိုင်သူအဖြစ် ထင်ရှားပေါ်လွင်လာသည်။ အများ၏လေးစားသိမှတ်ခြင်း ခံလာရသည်။ ယခုဆွေးနွေးသည့် စာအုပ်တွင် ဘဝအောင်မြင်ရေးအတွက် အရင်းခံလိုအပ်ချက်နှစ်ရပ်ဖြစ်သည့် “စိတ်ဓာတ်နှင့်နည်းနာ” တို့ကို ပြည့်ဝလာအောင် အားပေးထောက်ကူမည့်စာ (၁၃) ပုဒ်ကို စုစည်းဖော်ပြထားပါကြောင်း၊ အဓိကအားဖြင့် ဘဝအောင်မြင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့၏ ရေးသားချက်များကို ကောက်နှုတ်ဖော်ပြပေးထားကြောင်း၊ ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် စာဖတ်သူ၌ ဘဝအောင်မြင်မှုအတွက် အထောက်အကူပြုမည့် စိတ်ဓာတ်နှင့်နည်းနာများ တိုးပွားလာမည်ဟု ယုံကြည်မိကြောင်း စသည်ဖြင့် အကျဉ်းချုပ်ဆွေးနွေးခဲ့ကြသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)