ကျိုက်လတ် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များတွေ့ဆုံ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့နယ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းတို့က မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ မီးသတ်ဆေးဘူးများ မီးဘေးကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ် ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြှိမ်းသတ်ကြရန်၊ မိမိတို့ရပ်ရွာတွင် ထူးခြားမှုရှိပါက မြို့နယ်သို့ အချိန်မီ သတင်းပေးပို့ကြရန်၊ ကျေးရွာဝင်ပေါက်ထွက်ပေါက်များကို မီးကင်းနှင့်လုံခြုံရေးအဖွဲ့များထားရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဝင်းဇော်က မြို့နယ်မီးလင်းရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်