ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်သည့် လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှု အခြေအနေအား လာရောက်ကြည့်ရှု

ကန်ကြီးထောင့် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ညနေ (၃)နာရီခွဲအချိန်ခန့်က ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာသို့ ရောက်ရှိလာပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှု အခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင် မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၆C၊ ဦးပိုင်အမှတ် ၁၀/စ၊ တောင်သူ ဦးချစ်ထွေး၏ ထိခိုက်လယ်(၃)ဧကတွင် ဆင်းသုခစပါးမျိုး ပြန်လည်စိုက်ပျိုးနေမှု အခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းနိုင်စိုးတို့က လိုက်လံရှင်းလင်းပြသခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါ လယ်ယာမြေများအတွင်း စပါးစိုက်ပျိုးကြသည့် ကောက်စိုက်သူများအား မုန့်နှင့် အချိုရေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)