ဟားခါး စက်တင်ဘာလ ၃
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲရုံး ပြည်နယ်အထွေထွေဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စာပေဟောပြောပွဲဆိုတာ စာပေအပိုင်းအခြားနယ်ပယ်များမှ စကားပြောဆိုခြင်းနှင့် ရင်ဆိုင်ရခြင်းများကို အထူးသုံးသပ်ခြင်း၊ စာပေအကြောင်း ထင်မြင်ချက်များကိုအခြေခံပြီး ရှင်းလင်းပေးခြင်းဖြစ်ကြောင်း၊ စာပေဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်က စာပေ၏အရေးပါမှုနှင့် စာပေ၏အကြောင်းအရာများကို လူအများသိစေရန်၊ စာပေဟောပြောပွဲတွင် စာပေ၏အကျိုးကျေးဇူးနှင့် အရေးပါမှုကိုသိရှိစေရန်နှင့် စာပေဟောပြောပွဲများပြုလုပ်ခြင်းဖြင့် စာပေအပေါ် စိတ်ဝင်စားသူများ ပိုမိုများပြားလာစေရန်တို့ဖြစ်ပါကြောင်း၊ စာပေဟောပြောသည့် ပုဂ္ဂိုလ်များအနေဖြင့် ဟောပြောရာတွင် စာအုပ်စာပေ ဖတ်ရှုလေ့လာမှတ်သားမှုမရှိဘဲ ဟောပြော၍မရပါကြောင်း၊ တခြားသူများကို ပြန်လည်မျှဝေပေးနိုင်ရန်တွက် တိကျမှန်ကန်သည့် အကြောင်းအရာများဖြစ်ရန် စာအုပ်ပေါင်းများစွာကို ဖတ်ရှုရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ စာပေဟောပြောပွဲ နားထောင်ခြင်းမှသည် စာဖတ်သည့်အလေ့အထ ဖြစ်ထွန်းလာစေရေးတို့အတွက် ယခုကဲ့သို့ စာပေဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာပေဟောပြောပွဲတက်ရောက်လာသူ အားလုံးအတွက် အကျိုးရှိသည့် ဟောပြောပွဲတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဟားခါးတက္ကသိုလ် မြန်မာစာပါမောက္ခဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက မြန်မာစာပေဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းပါမောက္ခဌာနမှူး ဒေါက်တာနန်းလှိုင်က ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာဌာန တွဲဖက်ပါမောက္ခဌာနမှူး ဦးညီညီကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရခြင်းအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။
ယင်းနောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာပေဟောပြောပွဲတွင် မြန်မာစာပေဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောပေးသော ဟားခါးတက္ကသိုလ် မြန်မာစာဌာနပါမောက္ခ/ဌာနမှူး ဒေါက်တာမျိုးမင်းထွန်း၊ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ်ဖြင့် ဟောပြောပေးပါသော သမိုင်းပါမောက္ခဌာနမှူး ဒေါက်တာနန်းလှိုင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရခြင်းအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဟောပြောပေးပါသော ဥပဒေပညာဌာန တွဲဖက်ပါမောက္ခ ဌာနမှူး ဦးညီညီကျော်တို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟောပြောပွဲတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)