ရေတာရှည်မြို့နယ်၌ ရပ်ကွက်အတွင်း နေအိမ်များတွင် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၃

မိုးရာသီအချိန်တွင် ခြင်များဥ၍ ပေါက်ဖွားကာ ခြင်များပေါသည့် အချိန်ဖြစ်သလို သွေးလွန်တုပ်ကွေး ငှက်ဖျားဖြစ်တတ်သည့် ရာသီလည်းဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ ခြင်ဆေးဖျန်းခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက် စဥ့်ကူးလမ်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခြင်ဆေးများကို အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ခြင်များခိုအောင်းပေါက်ဖွားနိုင်သည့် နေရာများအား ဆေးဖျန်း ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့ဝင်များက ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ငန်းများဆောင်ရွက်ကာ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခြင်ဆေးများကို မြို့ပေါ်ရပ်ကွက် ခြင်များပေါပြီး ခိုအောင်းနိုင်သော အခြားနေရာများသို့လည်း လိုအပ်ပါက ဆေးဖျန်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်