ပေါက်ခေါင်းမြို့နယ်တွင် တောင်သူများ၏ လယ်ယာထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့်ကျေးလက်ကုန်ထုတ်လမ်း(၃)လမ်း အကောင်အထည်ဖော်ဆောင်ရွက်

ပေါက်ခေါင်း ဩဂုတ် ၃

ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များအလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း(၃)လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၄၂ သန်းဖြင့် စောကဲ(အနောက်)ကျေးရွာကုန်ထုတ်လမ်းအရှည် ၀/၄.၈၄၈ မိုင်× ၁၂ ပေ× ၂ပေ ၉ လက်မနှင့် Pipe Culvert (၆)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် မန်ကျည်းပင်(မြောက်)ကျေးရွာကုန်ထုတ်လမ်း ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ၂၆၈ ဒသမ ၄၉ သန်းဖြင့် ကျေးရွာကုန်ထုတ်လမ်းအရှည် ၂၀.၉၇ မိုင်× ၁၂‌ ပေ× ၂‌ ပေ ၉ လက်မ၊ Pipe Culvert (၅)စင်း၊ Box Culvert (၁)စင်း၊ ရေကျော်(၁)စင်း၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေ ၈၂ ဒသမ ၅၉ သန်းဖြင့် မိုးမညို(တောင်) လမ်းအရှည်ပေ (၀/၀.၅၇၆ မိုင် × ၁၆ ပေ× ၉ လက်မ)၊ Box Culvert(၁)စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါအဆိုပါလုပ်ငန်းများမှာ ၄၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်‌ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ထုတ်ကုန်များလွယ်ကူစွာသယ်ယူနိုင်ရန်ရည်ရွယ်၍ နှစ်စဉ်ပြည်ထောင်စုဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)