ပခုက္ကူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဌာနဆိုင်ရာများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ နည်းစနစ်မှန်ကန်မှုရှိပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက မြို့နယ်အဆင့်ဒေသန္တရစီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနများအနေဖြင့် လုပ်ငန်းစံချိန်စံညွှန်း၊ အရည်အသွေးများနှင့် ကိုက်ညီမှုရှိရေး၊ လုပ်ငန်းတာဝန်ယူ ဆောင်ရွက်မည့် ကုမ္ပဏီများနှင့်စနစ်တကျ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ရေး၊ စိုက်ပျိုးမြေစိုက်ခင်းများတွင် ရာသီအလိုက်ဧကပြည့်မီ အောင်စိုက်ပျိုးနိုင်ရေး၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် စိုက်ပျိုးသီးနှံများ ပိုမိုစိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မားစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရေး၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်အောင်မြင်ရေး၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေမြဲရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် ကျောင်းသား၊ ကျောင်းသူ (လူငယ်) များဖြစ်လာရေး စာဖတ်ရှိန်မြှင့်မားရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဌာနများအလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)