သရက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက် စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်သည်။

ဦးစွာ သရက်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒချမှတ်ရေးအတွက်အရေးကြီးသည့် လူမှုစီးပွားရေးဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သရက်ခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်သည့် နေရာဒေသများတွင် မထပ်မကျန်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်၏အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့်နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် အဓိကကျကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို သရက်ခရိုင်အတွင်းရှိ သရက်၊ မင်းတုန်း၊ ကံမ၊ မင်းလှမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ(၃၂) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၀) ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)