သာယာဝတီမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်လှစ်

သာယာဝတီ စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယဗိုလ်မှူးကြီးထက်မျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြစ် သတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသောတာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။     

အဆိုပါသင်တန်းကို သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများ(၅၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် နည်းပြဆရာ၊ ဆရာမ(၄)ဦးတို့ဖြင့် စက်တင်ဘာလ ၃ ရက်မှ ၁၄ ရက်နေ့အထိ(၁၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)