မင်းဘူး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မင်းဘူးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် မြေပြင်သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတော်အဆင့်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြောင်းအရာများ ပြည့်စုံမှန်ကန်စွာဆောင်ရွက်ရမှာဖြစ်သည့်အတွက် အလေးအနက်ထားပြီး ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားကာ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ရှင်းလင်း တင်ပြသည်။
မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းတွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းနည်းပြဆရာများအဖြစ်ဆောင်ရွက်ကြမည့် သင်တန်းသား၊ သင်တန်းသူ ၂၇ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းကို စက်တင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာဘာသာရပ်များအလိုက် စနစ်တကျဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ခရိုင်အဆင့်နည်းပြသင်တန်း တက်ရောက်ပြီးစီးသော နည်းပြဆရာ၊ ဆရာမများက သက်ဆိုင်ရာမြို့နယ်များအလိုက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်သင်တန်းများကို ဇူလိုင်လ ၁၇ ရက်နေ့မှစတင်ပြီး ဆင့်ပွားသင်တန်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)