ပန်းတောင်းမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပန်းတောင်း စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျန်းမာရေးဆိုင်ရာအသိပညာ၊ ဗဟုသုတများတိုးပွားရရှိစေရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးမှ မကူးစက်နိုင်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအန္တရာယ်၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးမှ မကူးစက်နိုင်သောရောဂါများအနက်မှ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါနှင့် သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ စိတ်ကျန်းမာရေးရောဂါစသည့် ရောဂါ(၅)မျိုးနှင့်စပ်လျဥ်း၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါဝေဒနာခံစားနေရသူများအနေဖြင့် သတိပြုစားသောက်သင့်သည့်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များ၊ ပြုမူနေနိုင်လှုပ်ရှားဆောင်ရွက်သင့်သည့်အချက်များ၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါးများသုံးစွဲမှုကြောင့် ထိခိုက်ပျက်စီးနိုင်သော ကျန်းမာရေးအ​ခြေအနေများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးမှပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၈၃) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)