နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

နတ်မောက် စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာခင်ခင်ပြည့်က နတ်မောက်မြို့နယ်အတွင်းမှာ နည်းစနစ်ကျမှန်ကန်သော မေထုန်မဲ့သားစပ်ကျွမ်းကျင်သူ အရေအတွက်တိုးပွားလာပြီး မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အသားထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရေး၊ စားသုံးမှုဖူလုံစေရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်တစ်ပိုင်နှင့်စီးပွားဖြစ် မွေးမြူရေလုပ်ငန်းများ ပိုမိုတိုးတက်ထွန်းကားလာစေရန်နှင့် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်ခြင်းနည်းပညာဖြင့် မျိုးမြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ယမင်းနိုင်က မေထုန်မဲ့သားစပ်ခြင်း နောင်ခံသမိုင်းကြောင်း၊ မေထုန်မဲ့သားစပ်ခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းနှင့် နွားမများ၏မျိုးပွားလမ်းကြောင်းရှိ မျိုးပွားအင်္ဂါတစ်ခုချင်း၏ လုပ်ဆောင်ချက်များကို သင်ကြားပို့ချခဲ့ရာ သင်တန်းသားများမှလည်း စိတ်ပါဝင်စားစွာ မှတ်ယူခြင်းနှင့် မရှင်းလင်းသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းခဲ့ကြသည်။

နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းသား (၂၀)ဦးဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ (၅)ရက်ကြာသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း