(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး စက်တင်ဘာ ၃  

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်တို့က (၂၅)ကြိမ်မြောက် ရွှေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာတိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၂ ခုနှစ်မှ ပြန်လည်စတင်ကာ ကျင်းပနိုင်ခဲ့ပြီး ယခုအခါ ငွေရတုသို့ တိုင်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲဝင်များနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ၊ အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ လက်ဆင့်ကမ်းသူများအဖြစ် ဂုဏ်ယူရင်း နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်သော ပဲခူးတိုင်းဒေသကြီးဂုဏ်ကို ဖော်ဆောင်နိုင်မည့် မျိုးဆက်သစ်ပြိုင်ပွဲဝင်များ ပေါ်ထွက်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား ညောင်လေးပင်ခရိုင်မှ ဝါသနာရှင်(ဒုတိယတန်းအဆင့်) အဆို(မဟာဂီတ)ပြိုင်ပွဲဝင် မခင်ရနာစိုးကကြိုနေမယ့်နေ့သီချင်းဖြင့်လည်းကောင်း၊ ပြည်ခရိုင်မှ အခြေခံပညာအဆင့်(၁၅-၂၀)အကပြိုင်ပွဲဝင် မရွှန်းလဲ့လဝန်းထွန်းကပန်းရည်ဘဏ်တိုက်သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင်မှ အဆင့်မြင့်ပညာ ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲဝင် မမိုးပြည့်ပြည့်နိုင်က ဆိုင်းတီးခတ်၍ ပဲခူးခရိုင်မှ ဝါသနာရှင်(ပထမတန်းအဆင့်) အဆို(မဟာဂီတ)ပြိုင်ပွဲဝင် ဦးမင်းဟန်ကကျေးရွာဝါဒသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဧည့်ခံဖျော်ဖြေခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ဒိုင်အဖွဲ့များ၊ နည်းပြများ၊ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုဘာသာရပ် အမျိုးအစား()ခု၊ အကဘာသာရပ် အမျိုးအစား()ခု၊ အရေးဘာသာရပ် အမျိုးအစား()ခုနှင့် အတီးဘာသာရပ် အမျိုးအစား(၁၃)မျိုးတို့အား ပြိုင်ပွဲဝင်(၂၆၃)ဦးက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)